Welcome Guest!
twitter facebook rss

,

ထားဝယ်သူ၊ ထားဝယ်သားတွေရဲ့ က္လယ်မောန်း

က္လယ်မောန်းဟု ထားဝယ်သူ၊ ထားဝယ်သားတွေ ခေါ်ဆိုလေ့ရှိကြသည့် ကောက်ညှင်းကျည်တောက်က သီတင်းကျွတ်လဆန်း မမဘုရားပွဲတွင် ဈေးကွက် စတင်လေ့ရှိသည့် ထားဝယ်ရိုးရာမုန့်တစ်မျိုးလည်းဖြစ်သည်။


“တောန်မန်းဗြောန်မှာ က္လယ်မောန်းဂီးလိုက်စားဘာလောမီး၊ စားလိုဟရှင် ရဟယ်ရှင် ရဟယ်ရှင်” ဟူသည့် ထားဝယ်သီချင်းထဲကအတိုင်း လောင်းလုံးမြို့နယ် တောင်မင်းပြောင်ကျေးရွာထွက် ကောက်ညှင်းကျည်တောက်ကလည်း နာမည်ကြီးသည်။

ကောက်ညှင်းကျည်တောက်ကို ထားဝယ်မြစ်အရှေ့ဘက်ကမ်း ကျေးရွာများမှာလည်း ပြုလုပ်ကာဘုရားပွဲ၊ ပျော်ပွဲရွှင်ပွဲများတွင်လည်း ရောင်းချလေ့ရှိကြသည်။

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသည် က္လယ်မောန်း အရောင်းရဆုံးပွဲတော်ကာလဟု တောင်မင်းပြောင်ရွာမှ ကောက်ညှင်းကျည်တောက်သည်တစ်ဦးက ဆိုသည်။

က္လယ်မောန်းပြုလုပ်ရန် ၀ါးတွေကို ယခင်က အရှေ့တောဟုခေါ်ကြသည့် မေတ္တာဘက်တွင် မိုးနှောင်းကာလကတည်းက အုပ်စုလိုက်သွားခုတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်ခုတ်၍မရတော့ဘဲ အော်ဒါသာ မှာယူကြရတော့သည်ဟု သိရသည်။

“ကောက်ညှင်းထည့်မယ့်ဝါးတွေကို တစ်တောင့်၅၀ကျပ်နှုန်းနဲ့ မှာရတာ..။
သူတို့ကားတွေနဲ့လာပို့ပေးတယ်။ ပွဲတော်ရက်တွေမှာဆို တောင်မင်းပြောင်ရွာကနေရာတော်တော်များများမှာ က္လယ်မောန်းဖုတ်တာမို့ ညညဆို မီးရောင်တွေလင်းနေတာပဲ”ဟု ရွာခံတစ်ဦးက ဆိုသည်။

“ပွဲတော်တွေတိုင်း လိုက်ရောင်းတာပဲ။ ဇာတ်အဖွဲ့က ဇာတ်ဆရာတွေနဲ့လည်း ချိတ်ထားရတယ်။ ဘယ်မှာ ပွဲတွေရှိသလဲပေါ့။
ဟိုး…..ပင်လယ်ဝကကျောက်နီမော်အထိ သွားရောင်းတယ်။ မောင်းမကန်မှာ ပွဲရှိရင် ရွာကနေ လမ်းလျှောက်ပြီး သွားရောင်းတာပဲ…။
တစ်ခါတစ်လေရာသီဥတု ပုံမှန်မဟုတ်ရင် မိုးတွေ ဘာတွေ ဖျက်ရင် ရောင်းမကောင်းဘူး” ဟု ဈေးပွဲတော်ရောက်က္လယ်မောန်းဈေးသည်တစ်ဦးက ရင်ဖွင့်သည်။

မည်သိုပင်ဆိုစေ..။ ထားဝယ်ရိုးရာမုန့်တစ်မျိုးဖြစ်သည့် က္လယ်မောန်းကတော့ ထားဝယ်ဒေသပွဲဈေးတန်းတို့တွင် မပါမဖြစ် ရောင်းကုန်စားကုန်တစ်မျိုးအဖြစ် တွေ့မြင်နေရဆဲဖြစ်သည်။

က္လယ်မောန်းသည်တို့၏ဘ၀တွေကတော့ ၀ါးကျည်တောက်ထဲကကောက်ညှင်းတွေလိုများ ဖြစ်နေမည်လားတော့ မသိချေ။

ဖိုးဇော်(ထားဝယ်)
၁၉ ဒီဇင်ဘာ ၂၀၁၃

စာနဲ့ပုံတွေကို ဆရာဖိုးဇော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်။
 













.

0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma