Welcome Guest!
twitter facebook rss

,

ပလောင်လူမျိုးတို့၏ အသုဘ အခမ်းအနား


ပလောင်လူမျိုးများသည် သေဆုံးသည့်အခါတွင် မီးရှို့သင်္ဂြိုလ်ခြင်းနှင့် မြေမြုပ်သင်္ဂြိုလ်ခြင်းတို့ ပြုလုပ်ကြပါသည်။ ရပ်ရွာအနေအထားပေါ်မူတည်၍ သင်္ဂြိုလ်ကြပါသည်။ အချို့သောနေရာများသည် မီးရှို့သင်္ဂြိုလ်ခြင်းကို လက်ခံ၍ အချို့သော နေရာများတွင်မူ မီးရှို့သင်္ဂြိုလ်ခြင်းကိုလက်မခံသောကြောင့် မြေမြုပ်၍သဂြိုလ်ရပါသည်။



ရွာထဲတွင် လူသေရှိလျှင် ဥက္ကဌနှင့်ရပ်ရွာလူကြီးကို အကြောင်းကြားပြီး ရွာသူကြီးများသည် တရွာလုံးကြားနိုင်အောင် အသံကုန်အော်ဟစ်ပြီး ကြေညာပေးရပါသည်။ လူသေရှိလျှင် ဖိတ်စရာမလိုဘဲ လူတိုင်းလာခွင့်ရှိပါသည်။ သို့သော် ရက်လည်ဆွမ်းသည် လူအကန့်အသတ်သတ်မှတ်ပြီး ဖိတ်ကြားကြပါသည်။

ပထမဦးဆုံး လူသေကို ရေချိုးပေး၍ သန့်သန့်ရှင်းရှင်း ပြုလုပ်ပေးရပါသည်။ လူပျို၊ အပျိုဆိုလျှင် သနပ်ခါးလိမ်းခြင်ပေးရပါသည်။ သေဆုံးသူ၏ ပါးစပ်ထဲ့သို့ ကူးတို့ခ ပိုက်ဆံ တစ်မတ် ထည့်လေ့ရှိပါသည်။ ထို့နောက် သေဆုံးသူ၏ ခြေမနှစ်ချောင်းပေါင်းစည်း၍ ချည်ဖြူနှင့် စည်းထားပေးပါသည်။ လူသေကို ပိတ်စဖြူဖြင့် ဖုံးအုပ်ထားပြီ ဖျာတချပ်ပေါ် တင်ထားပါသည်။ လူသေအတွက် လိုအပ်သော အဝတ်အစားတစုံနှစ်စုံ ထည့်ပေးလေ့ရှိပါသည်။ အချို့သော ပလောင်ဓလေ့များသည် ဖိနပ်ကိုလည်း ထည့်ပေးလေ့ရှိသလို အချို့သောဓလေ့များသည် ဖိနပ်ကို ထည့်ပေးလေ့မရှိချေ။

လူသေလျှင် လူသေ၏အခေါင်းကို ဘုရားစင်ဘက်သို့ မလှည့်ဘဲ ဘုရားစင်၏ဆန့်ကျင်ဘက်ဖြစ်သော တခါးမကြီးဘက်သို့ လှည့်ပေးရပါသည်။ လူသေ၏ ဦးခေါင်းတည့်တည့်တွင် ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် ပန်းအိုးများ ချထားပေးပါသည်။ လူသေမပို့ခင် ညနေခင်းတွင် လူသေအလောင်းကိုစောင့်ရန်အတွက် ရွာသားများက တစ်ညလုံးဖဲထိုင်ရိုက်လေ့ ရှိပါသည်။ လူသေအလောင်းပေါ်တွင် ကြောင်နက်ခုန်ကျော်လို့မရအောင် အမြဲသတိထား စောင့်ကြည့်ရပါသည်။

လူသေအတွက်အခေါင်းကို ရပ်ရွာများကပြုလုပ်ပေးကြပြီး ရွှေစက္ကူ၊ ငွေစက္ကူတို့ဖြင့် ပန်းပုံစံအမျိုးမျိုးညှပ်ပြီး အခေါင်းတွင် ကပ်လေ့ရှိပါသည်။ သက်ကြီးဝါကြီးများရှိလျှင် ကြိုတင်၍ အခေါင်းလုပ်ထားလေ့ရှိသလို အိမ်တွင် လူနာအသည်းအသန်ဖြစ်လျှင်လည်း အခေါင်းကို ကြိုတင်၍လုပ်ထားလေ့ရှိပါသည်။ လူသေကို အခေါင်းထဲ မထည့်ခင်တွင် အခေါင်း၏အောက်၌ ဝါး(သို့)ထင်းနှင့် ခုထားရပါသည်။ အကယ်၍ ဆင်းရဲသား တစ်ယောက်သေပြီး ငွေကြေးမတတ်နိုင်လျှင် အခေါင်းမလုပ်ဘဲ ဖြာတစ်ချပ်၊ ပိတ်ဖြူတချပ်ဖြင့် ပတ်ထားပါသည်။ လိုအပ်သောထင်းများကို ရွာသူရွာသားများက တတ်နိုင်သမျှ ဝိုင်းဝန်းလှူဒါန်းကြပါသည်။

လူသေအလောင်းကို အလွန်ဆုံး ၂ရက်မှ ၃ရက်အထိ ထားလေ့ရှိကြပါသည်။ ဤသို့ထားရခြင်းမှာ ရပ်ဝေးတွင်နေကြသော ဆွေမျိုး၊ မိတ်ဆွေများ လာရောက်နိုင်ရန်အတွက် ဖြစ်ပါသည်။ အသုဘချသည့်နေ့တွင် ဘုန်းကြီးကိုပင့်၍ တရားနာပြီး သေသူကို ကောင်းရာသုကတိရောက်အောင် အိမ်သူအိမ်သားများ အမျှဝေ ရေစက်ချပေးပါသည်။ (၇)ရက်ပြည့်လျှင် ရွာသူ၊ ရွာသားများကို ဖိတ်ကြား၍ ရက်လည်ဆွမ်းများပြုလုပ်ရန်အတွက် ဘုန်းကြီးကျောင်းတွင် တရားသွားနာကြပါသည်။ သေသူများအတွက် ကောင်းရာသုကတိရောက်အောင် ပဒေသာပင်အစရှိသော လှူဖွယ်များ လှူဒါန်းပြီး အထူးသဖြင့် တံခွန်တိုင်ကို ကျောင်းဝင်းထဲမှာ ပေ ၂ဝ ခန့်ရှည်သော ဝါးဗိုးတိုင်နှင့် ၇ပေခန့်ရှိသော ပိတ်ဖြူတံခွန်ရွက်ကို တိုင်ထိပ်မှာ ချိတ်ဆွဲ၍ ကုသိုလ်ပြုရာဌာနမှန်းသိအောင် သေသူကို ရည်စူးပြီး လှူဒါန်းထားပါသည်။ ထို့ပြင် (၃) သို့ (၅) ပေခန့်ရှိသော တံခွန်လုံးကိုလည်း ချုပ်လုပ်ကာ ပန်းစက္ကူများဖြင့် ကပ်၍ ကျောင်းထဲတွင် ချိတ်ဆွဲလှူဒါန်းထားပါသည်။ ပိတ်ဖြူစနှင့် လွယ်အိတ်ပုံသေးသေးလေးကိုလည်း ချုပ်ထားပါသည်။ လွယ်အိတ်ထဲတွင် မုန့်မျိုးစုံ၊ ဆေး နှင့် အခြား ထည့်၍ရသောပစ္စည်းများကို ချိတ်ဆွဲထားသလို စာအုပ်၊ ခဲတံ၊ လှူဒါန်းဖွယ်များကိုလည်း ချိတ်ဆွဲပြီး ဘုန်းကြီး ကျောင်းသို့ သေသူရည်မှန်း၍ သွားရောက်လှူဒါန်းပါသည်။ မနက်ပိုင်း ဘုန်းကြီးကျောင်းတွင် တရားနာပြီး အသုဘအိမ်၌ ထမင်းကျွေးနိုင်ပါက ထမင်းသွားစားကြပါသည်။

လူသေလျှင် ဆွေမျိုးများသည် (၇)ရက် (၇)ည အဖော်လာလုပ်ပေးသလို လူသေအိမ်၌ပင် ထမင်းစားကြပါသည်။ ဤကာလအတော အတွင်းတွင် ပိုက်ဆံတတ်နိုင်သော မိသားစုသည် စာဟောဆရာကို ဖိတ်ကြား၍ ပလောင်သံဝေဂစာ၊ ဆုံးမစာ ပုံပြင်များကို ပလောင်ဘာသာလကာင်္ဖြင့် (၇) ညတိတိ ဖတ်ကြားပေးပါသည်။

ကတူရ်ဓလေ့သည် လကွယ်နေ့သေလျှင် သို့မဟုတ် ညသန်းခေါင်သေလျှင် လကူးနေ့ကူးမထားဘဲ ချက်ချင်းပို့သည့်ဓလေ့ရှိပါသည်။ အစိမ်းသေများကိုလည်း ချက်ချင်း အသုဘချရပါသည်။ အချို့ကျေးရွာများသည် ရွာတန်ရှည်ကို ဖြတ်ခွင့်မပေးဘဲ သေသည့်နေရာ၌ပင် မြေမြုပ်ရပါသည်။ အချို့ကျေးရွာများမှာမူ ရွာသို့ခေါ်ဆောင်ခွင့်ရှိပါသည်။ အစိမ်းသေသေလျှင် မိုးရွာရွာနေပူပူ လူသေအခေါင်း၏ အဖုံးကိုမပိတ်ဘဲ ထမ်းသွားရပါသည်။ ရူမာည်း ဓလေ့သည် အဖေသေလျှင် အမေဘက်မှ အစ်ကိုအကြီးဆုံးမရောက်မချင်း အသုဘပို့လို့မရချေ။ အသုဘပို့ရာတွင် ဆိုင်းဝိုင်း၊ အကတို့နှင့် ပို့ပြီး အပြန်တွင်မူ ဆိုင်းမတီးရချေ။ အချို့သော ကျေးရွာများတွင် ဆိုင်တီးလေ့မရှိချေ။ ထို့ပြင် အသုဘချသည့်နေ့တွင် အသုဘအိမ်ပြင်ရောက်သွားလျှင် ပိုက်ဆံအကြွေစေ့နှင့် ပိုက်ဆံ ငါးကျပ်တန်နှင့် ၁ဝတန်ကို ဆန်နှင့်အတူရော၍ ဖြန့်ကြဲလေ့ရှိသလို အသုဘ သင်္ဂြိုလ်သည့်နေရာမရောက်ခင်တွင်လည်း ဒုတိယအကြိမ် အကြွေစေ့ကို ထပ်မံ ပြန့်ကြဲပါသည်။ မြေမြုပ်၊ မီးရှို့ရာတွင် မြောက်ဖက်သို့ ဦးခေါင်းလှည့်ပြီး တောင်ဖက်သို့ ခြေလှည့်ထားရပါသည်။ အကယ်၍ ဧည့်သည်သေလျှင် ရွာထဲတွင် အသုဘချလေ့မရှိဘဲ ရွာပြင်ဘက်ရှိသည့် တစ်နေရာရာတွင် မီးရှို့၊ မြေမြုပ်လေ့ရှိပါသည်။

တစ်နှစ်ပြည့် (သို့) ဆယ်နှစ်ပြည့်အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်အဖြစ် အလှူပြုလုပ်လေ့ရှိပါသည်။ ရွာလုံးကျွတ် ဖိတ်ကြားသလို စာဟောဆရာကိုလည်း ဖိတ်ကြားပြီး တရားဟောပေးသလို ဘုန်းကြီးကျောင်းတွင်လည်း တရားသွားနာကြပါသည်။ မိမိတတ်နိုင်သော ပစ္စည်းများကို လှူဒါန်းကျွေးမွေးကြပါသည်။

Credit >> လိုည်းနွေနှောင်း

http://www.palaungwomen.com

0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma