Welcome Guest!
twitter facebook rss

,

နယ်လှည့်ပြီး ၀မ်းစာရှာကြရတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့ ဘ၀ နန္ဒာအောင်

ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
သန်လျင်၊ ကျိုက်ခေါက်ဘုရား ပွဲဈေးတန်းရှည်ထဲက အချက်အချာကျရာနေရာတစ်ခုမှာ ဆိုင်
တည်ထားတဲ့ ဆယ့်နှစ်ပွဲဈေးသည် မခင်ဝင်းစိန် ဟာ ကောက်ညှင်းကျည်တောက် တစ်ချောင်းကို
ဓားမနဲ့ ကျင်လည်စွာ ထိုးခွဲရင်း "အစားအသောက်ဆိုတာ ကိုယ်တိုင်လုပ်ရောင်းမှ ကောင်းတာ။
ကိုယ်ကြိုက်မှ သူများကြိုက်မှာ။ အမြတ်ကျန်မကျန်ကို မတွက်ဘူး။ ကိုယ့်အတွက် နာမည်ကျန်ဖို့ပဲ
လိုတယ်" လို့ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ သူ့ဆိုင်ရှေ့မှာ စောင့်နေတဲ့ဝယ်သူကိုလည်း ကောက်ညှင်းကျည်တောက်ကို
ဘယ်လိုစားရင် အရသာပိုကောင်းပြီး ကြာရှည်ခံအောင် သိမ်းဆည်းပုံကိုလည်း လေသံသွက်သွက်နဲ့
ရှင်းပြလိုက်ပါသေးတယ်။
"ကိုယ့်နာမည်ကျန်မှ ကိုယ့်ကလေးတွေလက်ထက်မှာ နာမည်ကောင်းရမှာ။ သမီးကိုလည်း ဒီလိုပဲ
မှာထားတယ်။ အမြတ်ကျန်ဖို့ မလုပ်ဘဲ အရသာကောင်းအောင်၊ ကြာကြာထားခံအောင် လုပ်ခိုင်း
တယ်"လို့လည်း အနားမှာ သူ့ကိုဝိုင်း ကူညီနေတဲ့ ဆယ်ကျော်သက်အရွယ်သမီးကို မေးထိုးပြရင်း
ဈေးသည်မကြီးက ဆိုလိုက်ပြန်ပါတယ်။
မခင်ဝင်းစိန်ဟာ မြန်မာတစ်ပြည်လုံး လှည့်လည်ပြီး စည်ကားတဲ့ ဘုရားပွဲဈေးတွေမှာ ကောက်ညှင်း
ကျည်တောက်နဲ့ ထမနဲ ရောင်းချသူ တစ်ဦးပဲ ဖြစ်ပါတယ်။
ရင်စေ့အင်္ကျီခပ်နွမ်းနွမ်းကို ချည်ထည်အနွေးထည် ပါးပါးလေးထပ်ဝတ်လို့ ထဘီကိုတော့
ရင်ခေါင်းထိတက်ကာ ဖြစ်သလိုဝတ်ထားပြီး ခပ်ညစ်ညစ်အသားအရေ၊ မျက်နှာက အရေးအကြောင်း
ရှည်တွေက ၀ါကျင်ကျင်မီးရောင်အောက်မှာ သူ့အသက် သုံးဆယ်ကျော်ဆိုတာထက် ပိုပြီးအိုစာပုံ
ပေါက်နေပါတယ်။
လက်တွေဟာလည်း ၀ါးကြမ်းကြမ်းကို လက်အိတ်မပါ၊ အ၀တ်မပတ်ထားဘဲ အမြဲလိုလိုကိုင်တွယ်
နေရတာကြောင့် ကြမ်းတမ်းနေပြီး လက်မကြီးကလည်း ရောင်နေတယ်လို့ ထင်ရအောင် လုံးဝန်း
နေပါတယ်။
ဒါပေမဲ့ ရိုးသားတဲ့ ပုံစံ၊ ပွင့်လင်းတဲ့ အပြောအဆိုတွေနဲ့ ဖော်ရွေမှုတွေနဲ့ သူ့ဖောက်သည်တွေကို
ဝန်ဆောင်မှုပေးတာကတော့ ပထမတန်းပါပဲ။
တပို့တွဲလထဲမှာ ကျင်းပလေ့ရှိတဲ့ ကျိုက်ခေါက်ဘုရားပွဲမှာ နှစ်စဉ်ဈေးလာရောင်းလေ့ရှိပြီး ဒီပွဲအပြီးမှာ
ကျိုက်ဝိုင်းဘုရားပွဲဆီရွေ့ မယ်လို့ ဆိုပါတယ်။
အဲဒီကမှ နေထိုင်ရာ ပြည်နဲ့ သာယာဝတီမြို့ကြားက လက်ပံတန်းရွာကို ပြန်မှာဖြစ်ပြီး သီတင်းကျွတ်
လဆန်းပိုင်းလောက်မှာ နယ်လှည့်ဈေးရောင်းတဲ့ ခရီးစဉ်ကို ပြန်ပြီး စတင်မယ်လို့ ဆိုပါတယ်။
ဆယ့်နှစ်ပွဲဈေးသည်အလုပ်ကို အသက် ၁၂ နှစ်အရွယ်လောက်ကတည်းက မိဘတွေနဲ့အတူ
လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုအသက် ၃၅ နှစ် အရွယ် သားသမီးနှစ်ယောက်ရတဲ့အချိန်အထိ မိဘတွေ
ရဲ့ လုပ်ငန်းအမွေကို ဆက်ခံထားဆဲပဲ ဖြစ်ပါတယ်။
အသက် ၁၃ နှစ်အရွယ်သားငယ်ကို အိမ်မှာ မိဘတွေနဲ့ထားခဲ့ကာ ခင်ပွန်းသည်၊ သမီးကြီးနဲ့အတူ
ဘုရားပွဲတွေမှာ ဈေးလှည့်လည် ရောင်းချတာက မခင်ဝင်းစိန်တို့မိသားစုရဲ့ အဓိကစီးပွားရေးလုပ်ငန်း
ဆိုလည်း မမှားပါဘူး။
"တစ်နေ့ကို နှစ်သိန်းကျော်ဖိုးလောက် ရောင်းရပါတယ်။ အထွေထွေအသုံးစရိတ်တွေ နုတ်ပြီးရင်
စားဖို့သောက်ဖို့ အသုံးစရိတ်အပို အနည်းငယ်လောက်ပဲ ကျန်တာပါ။ ဒါပေမဲ့ နယ်စုံ ရောက်ဖူးတာ
ကြောင့် ဒီအလုပ်မှာ ပျော်တယ်" လို့ မခင်ဝင်းစိန်က တက်တက်ကြွကြွပဲ ပြောလိုက်ပါတယ်။
အချိန်က ညသန်းခေါင်နား ကပ်နေပြီဆိုပေမယ့် မခင်ဝင်းစိန်တို့ မိသားစု အတွက်ကတော့ သာမန်
မိသားစုတွေနဲ့ခြားနားစွာ နိုးနိုးကြားကြားနဲ့ ရောင်းဝယ်ဖောက်ကားလို့ အကောင်းဆုံးအချိန်ပဲ
ဖြစ်ပါတယ်။
ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
သူတို့အတွက် အိပ်ရာဝင်ချိန်ဟာ အစောဆုံး မနက် ၃ နာရီပဲဖြစ်ပါတယ်လို့ မခင်ဝင်းစိန်က
ဆိုပါတယ်။
တစ်နာရီလောက် တရေးတမော အိပ်ပြီး မနက် ၄ နာရီခွဲလောက်မှာ ပြန်ထကာ အဲဒီနေ့မှာ
ပြန်ရောင်းဖို့အတွက် ကောက်ညှင်း ဆန်၊ ဆီ၊ ဆား၊ ထင်းစတဲ့ လိုအပ်တာတွေ အ၀ယ်ထွက်ကြ
ရပါတယ်။
ပြန်လာတဲ့အခါ တစ်အောင့်လောက် ထပ်နားပြီး ညနေ ၄ နာရီလောက်မှာ ဆိုင်ခင်းဖို့အတွက်
အစားအစာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ရတယ်လို့လည်း ဆိုပါတယ်။
"လိုအပ်တဲ့ ကုန်ကြမ်းတွေကိုက ဈေးရောင်းတဲ့နေရာရောက်မှပဲ ၀ယ်ပြီးပြန်ရောင်းတာပေါ့။
အစားအစာတွေကိုလည်း တစ်နေ့စာပဲလုပ်တယ်"လို့လည်း ပြောပါတယ်။
"သူများတွေက ကိုယ့်ဆိုင်က မုန့်တွေဝယ်ပြီး စားသောက်သွားကြတာ။ ကိုယ်တွေကတော့
တစ်ခါတလေ အလုပ်များလွန်းလို့ ထမင်းစားဖို့တောင် လွတ်သွားတယ်" လို့လည်း နယ်လှည့်
ဈေးသည်တွေ လှုပ်ရှားရတဲ့ ဘ၀ပုံစံကို ပြောပြပါတယ်။
မခင်ဝင်းစိန်ရဲ့ နယ်လှည့်ဈေးသည်ဘ၀က လင်ရယ်၊ သမီးရယ်နဲ့ သိုင်းသိုင်းဝိုင်းဝိုင်းရှိပေမယ့်
အပျော်စီး ရဟတ်လုပ်ငန်းကို လုပ်ကိုင်သူ ကိုအောင်မြတ်စိုး (၃၆ နှစ်)ကတော့ တစ်ကိုယ်တည်း
ဘ၀နဲ့ နယ်တကာလှည့်ရရှာသူဖြစ်ပါတယ်။
မိရိုးဖလာ ရဟတ်လုပ်ငန်းကို လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က ဦးစီးလုပ်ကိုင်ခဲ့စဉ်က စလို့ ဇနီး၊
သားနဲ့ အတူနေရချိန်က တစ်နှစ်ပတ်လုံးမှာ လေး၊ ငါးလလောက်ပဲရှိတာကြောင့် အနေဝေးလို့
ဆက်ဆံရေးလည်း အဆင်မပြေဖြစ်ရတယ်လို့ ဆိုပါတယ်။
"ဒီအလုပ်က အဖေတွေ၊ အဘိုးတွေ လက်ထက်ကတည်းက လုပ်လာကြတာ။ ကျွန်တော်ကလည်း
ဒါကိုပဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပြီး တခြားအလုပ် မလုပ်တတ်ဘူး။ ဒါပေမဲ့ နယ်လှည့်နေရတဲ့
အလုပ်ဖြစ်တော့ ကျွန်တော့် ဇနီးက မကြိုက်ဘူး။ အခုလည်း သူနဲ့ကွဲနေတာပါပဲ။ ဒါပေမဲ့ လိုအပ်တာ
တွေကို သူ့ကို ထောက်ပံ့ ပေးဖြစ်ပါတယ်"လို့ ပါးစပ်ကလည်း ကွမ်း အပြည့်ဝါးရင်း မိသားစုကို
သတိရဟန်နဲ့ ပြောပြပါတယ်။
ကိုအောင်မြတ်စိုးနဲ့ မခင်ဝင်းစိန်တို့နှစ်ဦးဟာ ဆယ့်နှစ်ပွဲဈေးသည်ချင်း အတူတူ၊ မိဘလုပ်ငန်းကို
ဆက်ခံကြတာချင်းတူကြသလို သူတို့လုပ်ငန်းကို ကျွမ်းကျင်ရိုသေပြီး အလုပ်နဲ့ပတ်သက်တဲ့အပေါ်
ထားရှိတဲ့ ခံယူချက်ချင်းကလည်း တူညီကြနေကြပါတယ်။
"ကျွန်တော်တို့ ရဟတ်လုပ်ငန်းကျတော့ နေရာကျယ်ကျယ်ယူရလို့ မြေနေရာအတွက် ကုန်သလို၊
အလုပ်သမား စရိတ်တွေ၊ ရွှေ့ပြောင်း စရိတ်တွေလည်း ရှိတယ်။ ဒါပေမဲ့ ဘုရားပွဲတစ်ပွဲ တစ်ပွဲ
ကိုတော့ ရှုံးတာလည်းရှိသလို မြတ်တာလည်း ကြုံဖူးနေပါပြီ။ ရှုံးလည်း ကိုယ့်အတွက်၊ မြတ်တာက
မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေကို နှစ်စဉ် တစ်နှစ်တစ်ကြိမ် ဖူးရတယ်လေ"လို့
ရန်ကုန်က၊ ဒေါပုံမြို့နယ်သား ဖြစ်တဲ့ ကိုအောင်မြတ်စိုးက ဆိုပါတယ်။
"ဘုရားပွဲတစ်ပွဲမှာ ဘုရားဂေါပကတွေကို ရဟတ်ယာဉ်တွဲအလိုက် အခွန်ပေးဆောင်ရတယ်
ဆိုပေမယ့် ဘုရားကို လှူတယ်လို့ပဲ သဘောထားပါတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့
အလုပ်ပါ"လို့လည်း သူ့အသက်မွေးဝမ်းကျောင်း အလုပ်ပေါ်မှာ ကျေနပ်တဲ့ ဟန်ပန်နဲ့ ဆိုပါတယ်။
အရင်တုန်းကဆို ဘုရားပွဲဈေးမှာသာ မြန်မာ့ရိုးရာမုန့်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်
ဝယ်စားနိုင်တာဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ မြို့ကြီးတွေမှာဆိုရင် ဈေးဝယ်စင်တာတွေ၊
လက်ဖက်ရည်ဆိုင်ကြီးတွေမှာလည်း ရိုးရာ မုန့်မျိုးစုံကို ရရှိနိုင်ပြီဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရိုးရာမုန့်ပဲသရေစာတွေကို မီးရောင်ထိန်ထိန်အောက်မှာ အကြော်အလှော်ညှော်နံ့
တွေကို ရှူရှိုက်ရင်း စားရတဲ့အရသာကတော့ ပွဲဈေးတန်းတွေအပြင် တခြားဘယ်နေရာမှာမှ
မရနိုင်ပါဘူး။
ခေတ်မီကစားကွင်းတွေ ဘယ်လောက်ပဲ များလာလာ လူတွေတက်ပြီးလှည့်ရတဲ့ ရိုးရာရဟတ်
တွဲကြီးကို တပျော်တပါးစီးရတဲ့ အရသာဟာလည်း ဘုရားပွဲဈေးတန်းမှာပဲ ရနိုင်တာဖြစ်ပါတယ်။
ရဟတ်လုပ်ငန်းလုပ်ကိုင်ရာမှာ ဘုရားပွဲ တစ်ပွဲနဲ့တစ်ပွဲ ကုန်ကျစရိတ်မတူဘဲ အထက် မြန်မာပြည်က
မြေဈေးသက်သာတာကြောင့်ရယ်၊ အေးဆေးနေထိုင်တဲ့သူတွေ များတာရယ်ကြောင့် လုပ်ငန်း
လုပ်ကိုင်ရတာပိုကောင်းတယ် လို့ဆိုပေမယ့် သယ်ယူပို့ဆောင်စရိတ်ကတော့ ဈေးကြီးတယ်လို့
ကိုအောင်မြတ်စိုးက ဆိုပါတယ်။
အောက်ပြည်ကတော့ ပို့ဆောင်စရိတ်နည်းပေမယ့် မြေဈေးကြီးပြီး ရမ်းကားတဲ့သူ တွေများလို့
လုပ်ငန်းလုပ်ကိုင်ရာမှာ အနှောင့်အယှက် အနည်းငယ်ဖြစ်စေတယ်လို့ သူက ရှင်းပြပါတယ်။
ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
သူ့ရဲ့ ရဟတ်မှာ အတွဲ ၂၄ တွဲပါရှိပြီး တစ်တွဲကို လူလေးယောက်စီးလို့ရတဲ့အပြင် စီးနင်းခ
တစ်ယောက်ကို ကျပ် ၃၀၀၊ ၅၀၀ ဆိုပြီး နှစ်မျိုး ကောက်ခံတယ်လို့ဆိုပါတယ်။
ရဟတ်လုပ်ငန်းမှာ အသက်အန္တရာယ်မဖြစ်စေဖို့ ရဟတ်တွဲတွေအတွက် ပုံစံချိုးတာတွေကို
တွင်ခုံဆရာတွေနဲ့ စနစ်တကျ ကြီးကြပ်လုပ်ကိုင်တဲ့အပြင် တစ်နှစ်တစ်ကြိမ် ကျွမ်းကျင်တဲ့
အင်ဂျင်နီယာနဲ့ တိုင်ပင်ပြီး စစ်ဆေးပြီးမှ အသိအမှတ်ပြု လက်မှတ်ထိုး ခိုင်းလေ့ရှိတယ်လို့လည်း
ပြောပြပါတယ်။
သူကတော့ ကျိုက်ခေါက်ဘုရားပွဲဈေးအပြီးမှာ ပဲခူး၊ လယ်ဝေး ဖောင်တော်ချက်မ ပွဲဈေး၊ ပခုက္ကူ၊
မြင်းခြံ နှစ်ကျိပ်ရှစ်ဆူ၊ ပုလိပ်၊ တောင်ပြုန်း၊ မိတ္ထီလာ၊ မလှိုင်၊ ရွှေဘိုမြို့ထောင့်စေတီ၊ မတ္တရာ၊ မုံရွာ၊
ရမည်းသင်း၊ ရန်ကုန်၊ တောင်ကြီး တန်ဆောင်တိုင်စတဲ့ အထက်မြန်မာပြည်ရော အောက်မြန်မာပြည်
ကိုပါ အစုန်အဆန်သွားလာနေတဲ့ ဆယ့်နှစ်ရာသီဈေးသည်စစ်စစ်ကြီး တစ်ယောက်ပါ။
တန်ခူးလကစလို့ တပေါင်းလကုန်အထိ ဆယ့်နှစ်လရာသီလုံး မြန်မာပြည်အနှံ့အပြားမှာ ဘုရားပွဲ
တွေရှိနေတတ်တာ ဟိုးဘိုးစဉ်ဘောင် ဆက်ကတည်းကဖြစ်သလို ပွဲကြိုက်ခင်တွေ ပေါများလှတာ
ကြောင့် အိမ်မှာ ဆန်၊ ဆီနည်းနေရင်နေပါစေ မိမိတို့လက်လှမ်းမှီတဲ့နေရာတွေမှာ နှစ်စဉ်ပြုလုပ်
နေကျ ဆယ့်နှစ်လရာသီပွဲ တော်တွေကို ရောက်အောင်သွားတတ်ကြတာ ကလည်း မြန်မာ
တိုင်းရင်းသားအားလုံးရဲ့ ဓလေ့ထုံးစံတစ်ခုလည်းပဲ ဖြစ်ပါတယ်။
ရှေးယခင်ကတော့ ဘုရားပွဲဈေးတွေဟာ အိမ်ရှင်မတွေရဲ့ ဈေးဝယ်စင်တာတွေဖြစ်ခဲ့ကြပြီး အနယ်နယ်
အရပ်ရပ်က ထွက်ကုန်တွေကို လာရောက်ရောင်းချကြတဲ့ ဆယ်နှစ်ပွဲဈေးသည်တွေဟာ အရောင်း
အ၀ယ်တော်တော် လေးသွက်ခဲ့တာပါ။
အခုအချိန်မှာတော့ အစားထိုးပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ ဈေးဝယ် စင်တာကြီးတွေ၊ စတိုးဆိုင်
ကြီးငယ်တွေက နေရာယူလာတာကြောင့် နယ်လှည့်ဈေးသည် တွေရဲ့ရောင်းအားကို အနည်းအများ
ဆိုသလို ထိခိုက်လျော့ကျသွားစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
ပွဲဈေးသည်အများစုကတော့ စားသောက်ကုန်တွေဖြစ်တဲ့ မုန့်ဟင်းခါး၊ ထမနဲ၊ ပုသိမ်ဟလ၀ါ၊ ရေမုန့်၊
အာပုံ၊ ဘူးသီးကြော် စတဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံအပြင် အသုံးအဆောင်တွေဖြစ်တဲ့ ကြိမ်ထည်၊
ငွေထည်၊ စဥ့်ထည်၊ မြေထည် စတဲ့လက်မှုပစ္စည်းတွေ၊ အိပ်ရာ၊ စောင်၊ ခြင်ထောင်၊ ရိုးရာအထည်
တွေ၊ ဆေးမျိုးစုံနဲ့ ရွှေဘိုသနပ်ခါးတုံး စတာတွေကို ရောင်းချကြတာ ဖြစ်ပါတယ်။
လက်မှုထည်တွေဖြစ်တဲ့ စဥ့်ထည်၊ ကြွေထည်နဲ့ မြေထည်တွေကို နယ်လှည့်ပြီး ဘုရားပွဲတွေမှာ
ရောင်းချတဲ့ ဦးဝင်းမြင့်ကတော့ အစားထိုး ပစ္စည်းတွေရှိပေမယ့် ရိုးရာကို နှစ်သက်သူတွေ၊ တန်ဖိုး
ထားသူတွေ ရှိသေးသရွေ့ သူ့လုပ်ငန်းက တည်မြဲနေမှာပါလို့ ဆိုပါတယ်။
"ရွှေ့ပြောင်းရခက်တဲ့ ပစ္စည်းတွေကို နယ်တကာလှည့်ပြီး ရောင်းချနေရတာကြောင့် ကိုယ်တိုင်
ဦးစီးဦးဆောင်လုပ်နိုင်မှ ရတာ။ တခြားသူတွေနဲ့ လွှဲလို့မရဘူး။ အရင်းအနှီးများတယ်။ အခုဆိုရင်
အစားထိုးပစ္စည်းတွေ ၀င်လာတာကြောင့် ဦးတို့ကုန်သည်တွေကိုလည်း ရိုးရာလက်မှုပစ္စည်းတွေနဲ့
ပတ်သက်လို့၊ အရည်အသွေးကအစ ဒီဇိုင်းကအစ ဆန်းသစ်နေဖို့ ပြောထားရတယ်"လို့ ဦးဝင်းမြင့်က
ပြောပါတယ်။
"ဒါပေမဲ့ ဒီလုပ်ငန်းက ပျောက်မယ့်အရာတော့ မဟုတ်ပါဘူး။ မြန်မာမိန်းကလေးတွေ သနပ်ခါးလိမ်း
နေသရွေ့ ကျောက်ပျဉ်ဆိုတာ ရှိမှာပဲ။ ငါးပိစားနေသရွေ့ စဥ့်အိုး၊ မြေအိုးဆိုတာလည်း ရှိနိုင်သလို
ဘုရားရှိခိုးနေသရွေ့ ပန်းအိုးကိုလည်း သုံးနေကြမှာပါပဲ"လို့လည်း ပြောပါသေးတယ်။
စဥ့်နဲ့ပတ်သက်တဲ့ ဖယောင်းတိုင်ထွန်းတဲ့ ခွက်တွေကအစ တန်ဖိုးကျပ် ၃၀၀ လောက်ကနေ
ကျပ် ၃၀,၀၀၀ လောက်ထိရှိတဲ့ ကျောက်ထည်၊ စဥ့်ထည်တွေနဲ့ မြေထည်တွေကို ရောင်းချနေပြီး
ပွဲတစ်ရက်ကို ကျပ် သုံးသိန်းကနေ ၁၀ သိန်းဖိုးလောက်ထိ ရောင်းထွက်တယ်လို့ ဆိုပါတယ်။
အသက် ၁၉ နှစ်လောက်ကတည်းက စဥ့်ထည်လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ခဲ့တဲ့ ဦးဝင်းမြင့်ဟာ
ကျိုက်ခေါက်ဘုရားပွဲမှာ နှစ် ၃၀ လောက် လာရောက်ဈေးရောင်းချခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ခရမ်း၊ အဇမ်းပွဲတွေအပြင် ကျောက်တန်းပွဲတွေမှာလည်း သွားရောက် ရောင်းချတယ်လို့ ဆိုပါတယ်။
ဦးဝင်းမြင့်လိုမျိုး ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့ ဘ၀ကတော့ ဘုရားပွဲတွေ နှစ်စဉ်ကျင်းပနေသေးသရွေ့
ဝါသနာအရ၊ မိရိုးဖလာအရ၊ စီးပွားရေးအရ ဘယ်နေရာမှာပဲဖြစ်ဖြစ် အရောက်သွားပြီး ရောင်းဝယ်
ဖဖာက်ကားနေကြဦးမှာပဲ ဖြစ်ပါတယ်။
မြန်မာတိုင်း(မ်)

0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma